ရခိုင်ရိုးရာသင်္ကြန် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဧပြီ ၁၄

ရခိုင်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ရန်ကုန်)နှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့များက ကြီးမှူးကျင်းပသည့် (၂၁)ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နံနက်ပိုင်းတွင် ရခိုင်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ရန်ကုန်) မြို့နယ်အသင်းများ၊ လူမှုရေအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များက ဘုရားရေသပ္ပါယ်ရန် စုပေါင်း၍ နံသာသွေးကြကြောင်း သိရသည်။

ထို့နောက် ဘုရားရေသပ္ပါယ်ပွဲကို ကျင်းပရာ ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ညောင်တုန်းကျောင်းတိုက်မင်္ဂလာစံကျောင်းဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်ကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်များအား ရခိုင်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ရန်ကုန်)နာယကများ၊ ဥက္ကဋ္ဌ ဦးသန်းမောင်နှင့် တာ၀န်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ညောင်တုန်းကျောင်းတိုက်မင်္ဂလာစံကျောင်းဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူ၍ အမျှပေးကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များအား နာယကများ၊ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ရခိုင်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ရန်ကုန်) နယကများ၊ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ၊ မြို့နယ်အသင်းများ၊ လူမှုရေအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များက ဘုရားရေသပ္ပါယ်ကြကြောင်း သိရှိသည်။

အောင်မြင့်(ပြန်/ဆက်)