မိုင်းယုမြို့၌ သင်္ကြန်အကြိုနေ့ မဏ္ဍပ်ဖွင့်ပွဲနှင့် ရေပက်ကစားသူတို့ဖြင့်စည်ကား

မိုင်းယု ဧပြီ ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုနေ့ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ညနေ့ ၃ နာရီက အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းအနီးရှိ အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းရေကစားမဏ္ဍပ်နှင့် ညနေ့ ၄ နာရီအချိန်တွင် မြို့မရပ်ကွက်ရှိ မဟာအတာသင်္ကြန်မဏ္ဍပ်တို့ကိုလည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါ မဟာအတာသင်္ကြန်မဏ္ဍပ်ဖွင့်လှစ်မှုကို အမှတ်(၂၂၆)ခြေမြန်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး စစ်နိုင်ဖြိုး၊ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ ဋ္ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး ဇင်ရဲထွေး၊ မိုင်းယုမြို့ စရဖဆရာကြီး ဦးစိုင်းကျော်ဇေယျထွန်း၊ မိုင်းယုမြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူး၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းနှင့် မိုင်းယုမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ပြည်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် သင်္ကြန်ယိင်းအကအလှအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်္ကြန်ရေ ကစားလာရောက်ကစားကြသည့် ဧည့်သည်တော်များဆုတော်ငွေများ ချီးမြှင့်ကြခြင်းနှင့် ရေကစားလည်ပတ်သူတို့အား အလှူရှင်တို့မှ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကာ သင်္ကြန်အကြိနေ့ကို အေးချမ်းပျော်ရွှင်စွာ ရေပတ်ကစားခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်