တာချီလိတ် ဧပြီ ၁၄
၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း(၅)ရက်၊ ခရာဇ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ယမန်နေ့ သင်္ကြန်အကြိုနေ့ တာချီလိတ်မြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရှမ်းရိုးမကုန်တိုက်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုမှ မြန်မာယဉ်ကျေးမှုအစဉ်အလာ မဟာအတာသင်္ကြန်ကို လေးစားတန်ဖိုးထားပြီး နှစ်သစ်ကူးအခါ သမယမှာ ယဉ်ကျေးသောအပြုအမှု၊ ယဉ်ကျေးသောဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးသော ရေကစားခြင်းတို့နဲ့ ကြည်လင်အေးမြတဲ့ သင်္ကြန်ရေနဲ့အတူ သန့်စင်ကြည်လင်ချမ်းမြေ့စွာ အတာရေသဘင်ပွဲတော်အား ပျော်ရွှင်စွာဆင်နွဲ့နိုင်ကြပါစေကြောင်း ဆုတောင်းရင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန် ရှိသူများက မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သင်္ကြန်အဖွင့်သီချင်းနှင့်အတူ သင်္ကြန်ယိမ်းအကတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြ သည်။
ထို့အပြင် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး ဦးစီး၍ တပ်နယ်မိသားစုမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားအား တပ်နယ် မိသားစုများ၊ ယိမ်းအဖွဲ့အကအလှများဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
အေးအေးလတ်