ဗိုလ်တထောင်မြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့်ရေကစား မဏ္ဍပ်ဖွင့်ပွဲကျင်းပ

ဗိုလ်တထောင် ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ၁၃၈၅ ခုနှစ် (ခရစ်နှစ် ၂၀၂၄)ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ဗိုလ်တထောင် မြို့နယ်ရပ်ကွက်(၇)၊ ဗိုလ်ကလေးစျေးရှေ့ ကုန်သည်လမ်းမကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ဖွင့်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ယိမ်းပျိုဖြူများအား အမွှေးနံသာရည်များဖြင့် ပက်ဖျန်းပေးကာ မြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခိုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပြီး ယိမ်းပျိုဖြူအဖွဲ့များမှ တစ်ပြိုင်နက် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ထို့အပြင် သင်္ကြန်အကျနေ့ နံနက်ပိုင်း၊ ညနေပိုင်းမှ စတင်၍ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှယိမ်းအဖွဲ့ (၅)ဖွဲ့တို့က ကိုယ်ပိုင်သံစဉ်/စာသားအက၊ စီဒီသီချင်းဖြင့် အက များဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင်း