တိုက်ကြီးမြို့နယ်၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပ

တိုက်ကြီး ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ခရစ်သက္ကရာဇ် ၂ဝ၂၄ ခုနှစ် ယမန်နေ့ သင်္ကြန်အကြိုနေ ညနေ ၄ နာရီက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ ၁၃၈၅ ခုနှစ် တိုက်ကြီးမြို့နယ် မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင်  အဖွင့်အမှာစကား ပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်း တေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေပြီးနောက် ပွဲဦးအပျိုတော်ယိမ်းဖြင့် ကပြဖျော်ဖြေကာ ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပသည်။

ဆက်လက်၍ တိုက်ကြီးမြို့နယ်အတွင်းရှိ  သင်္ကြန်ယိမ်းအဖွဲ့များက အလှည့်ကျ ကပြဖျော်ဖြေကာ မြန်မာ့ဆိုင်းဝိုင်း၊ ခေတ်ပေါ်တေးဂီတများဖြင့် သီဆိုတင်ဆက်ခြင်း၊ စတုဒိသာအလှူ ကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်