လှည်းကူး ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၁၃၈၅ ခုနှစ် (ခရစ်နှစ် ၂၀၂၄) ခုနှစ် အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြို့မရပ်ကွက်၊ပဲခူး-ရန်ကုန်လမ်းမကြီးပေါ်၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲတွင် လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးခင်မောင်ဦးက နှစ်သစ်ကူးဆုမွန်တောင်းစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များတို့က ဗဟိုရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်၍ သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တေးသံရှင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကပြဖျော်ဖြေမှုနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက အမွှေးနံသာရည်အတာရေစင်သွန်းဖြန်း၍ မြန်မာ့နှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကတက်ရောက်လာ သူများအား အတာရေဖြင့်ပက်ဖြန်းပေးကာ သင်္ကြန်ယိမ်းအဖွဲ့များက ကပြဖျော်ဖြေကြကြောင်း သိရသည်။ ထို့အပြင် သင်္ကြန်အကျနေ့ နံနက်ပိုင်း၊ ညနေပိုင်းမှစတင်၍ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှယိမ်းအဖွဲ့ (၄) ဖွဲ့နှင့် တပင်တိုင်အကအလှများ၊ တေးဂီတနှင့်စီဒီသီချင်းများဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)