သာစည် ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် “ရွှေသာစည်” ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့ ညနေ ၄ နာရီက သာစည်မြို့ စည်ပင်သာယာပန်းခြံရှေ့ မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး အဆိုပါမဏ္ဍပ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်၊ ဦးစိုးဝင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်လွင်နှင့် အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်အောင်တို့က “ရွှေသာစည်” ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ယိမ်းအဖွဲ့များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များက ကြည့်ရှုအားပေးကြပြီး အတာရေပက်ဖျန်းကြကြောင်း သိရသည်။
အဆိုပါဗဟိုမဏ္ဍပ်၌ သင်္ကြန်အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့များတွင် ပြည်သူများအား ယိမ်းအဖွဲ့များနှင့် တီးဝိုင်းအဖွဲ့များက နေ့စဉ်သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်ပြီး စတုဒီသာမဏ္ဍပ်တွင် စတုဒိသာကျွေးခြင်းနှင့် ရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားနိုင်ရေး ဆောင်ရွက်ထားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)