တာမွေ ဧပြီ ၁၄
၂၀၂၄-ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် “ပိတောက်ရွှေနန်း” ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းနှင့် အဝေရာလမ်းထောင့်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများသာမက နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များကို လာရောက်စောင့်မျှော်အားပေးကြည့်ရှုကြသူများ၊ ရေပက်ခံကားများ၊ အတာရေပက်ဖျန်းသူများ၊ စတုဒီသာအကျွေးအမွေးလှူဒါန်းကြသူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှသိန်း၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက “ပိတောက်ရွှေနန်း” ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက “မန်းတောင်ရိပ်ခို” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များ၏ အကအလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ “ပိတောက်ရွှေနန်း”ရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်ပွဲတော် အကြိုနေ့မှ အတက်နေ့အထိ နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှုများအပြင် မဟာသင်္ကြန်ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများ အရွယ်သုံးပါးမရွေး၊ လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး မည်သူမဆို လာရောက်၍ လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် စတုဒိသာအလှူများဖြင့်လည်း ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)