ဒဂုံအရှေ့ ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်း(၃း၃၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူက နှစ်သစ်ကူးဆုတောင်း စကား ပြောကြားပြီးနောက် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ရေကစားမဏ္ဍပ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ တက်ရောက်လာကြသော ဧည့်သည်တော်များက သပြေခက်နှင့် အတာရေများ လိုက်လံ ပက်ဖျန်း၍ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ် တွင် သင်္ကြန်ကာလ(၄) ရက်အတွင်း သင်္ကြန်ယိမ်းအက၊ အလှများဖြင့် ဖျော်ဖြေခြင်း ဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ လာရောက်ရေကစား ကြသူ ပြည်သူများအား စတုဒိသာများဖြင့် သင်္ကြန်ကာလအတွင်း ဧည့်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ