ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖွင့်လှစ်

မြစ်ကြီးနား ဧပြီ ၁၄

မြန်မာတို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံနှင့်တဝန်း ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌လည်း ယခုနှစ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပြီး သင်္ကြန်အကြိုနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၁၁)ဖွဲ့နှင့် ဒေသခံပြည်သူများ အများအပြား တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ယခုအချိန်စ၍ ဖွင့်လှစ်လိုက်ကြောင်း ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ဖွင့်ပွဲတွင် “မြူမှောင် ဝေကင်း” တေးသီချင်းဖြင့် စုပေါင်းကပြ ဖျော်ဖြေလျက်ရှိကြသည့် ယိမ်းအဖွဲ့များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး နံသာရည်သပြေခက်ဖြင့် အတာရေကို လိုက်လံပက်ဖျန်းပေးခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား နံ့သာရည်ဖြင့် အတာရေကို လိုက်လံပက်ဖျန်းပေးခဲ့ကြသည်။

ယင်းနောက် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ နာမည်ကျော် တေးသံရှင်များ၊ ဒေသခံအဆိုတော်များ၏ ခေတ်ပေါ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုများကို ဒေသခံပြည်သူများနှင့်အတူ အားပေးကြည့်ရှုခဲ့ကြပြီး သီဆိုဖျော်ဖြေသူများအား ချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ထို့အတူ မဟာသင်္ကြန်အကြိုနေ့ကို ဆမားလမ်းပေါ်ရှိ ဌာနဆိုင်ရာနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ ရေကစားမဏ္ဍပ် (၅)ခုတွင်လည်း ခေတ်ပေါ်တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိရာ ရေကစားလည်ပတ်သူများ၊ အတာသင်္ကြန်ချစ်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ထိုသို့ ပျော်ရွှင်စွာလာရောက်ရေကစားသူများအား ဗဟိုမဏ္ဍပ်ရှေ့ရှိ စတုဒီသာမဏ္ဍပ် (၄)ခုတို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကုသိုလ်ဖြစ် ဧည့်ခံကျွေးမွေးလျက်ရှိရာ သင်္ကြန်ပွဲတော် အေးချမ်းစည်ကားစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ဧပြီ ၁၂ ရက်နေ့ ညပိုင်းက မြစ်ကြီးနားမြို့ မြို့မရပ်ကွက်အတွင်းရှိ ဂျာမေ့ဗဟိုဗလီသို့ သွားရောက်ပြီး ဝါကျွတ်အီးဒ်ပွဲတော်အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲသို့ တက်ရောက်ပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ဗဟိုဗလီရှေ့ဆောင်ဆရာများ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဗဟိုဗလီဥက္ကဋ္ဌနှင့် မြို့ပေါ်ဗလီအသီးသီးမှဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်ရေး၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆုတောင်းပေးကြစေလိုကြောင်း ပြောကြားပြီး ဝါကျွတ်အီးဒ်ပွဲတော်အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပန်းခြင်းကို ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်အစ္စလာမ်ကောင်စီဥက္ကဋ္ဌ ဦးမြင့်ဇော်က ကျေးဇူးတင်နှုတ်ခွန်းဆက်စကားပြောကြားပြီး ဗဟိုဗလီရှေ့ဆောင်ဆရာအလီက ကောင်းချီးတောင်းခံဆုတောင်းပေးပြီး ဝါကျွတ်အီးဒ်ပွဲတော်အထိမ်းအမှတ် မိတ်ဆုံညစာကို အတူအတွ သုံးဆောင်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ နံနက် (၁၀)နာရီကလည်း နောင်နန်းဂျာမေ့ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး ဗလီရှေ့ဆောင်ဆရာ၊ စာချဆရာများ၊ ဗလီဥက္ကဋ္ဌ၊ ကော်မတီ အဖွဲ့ဝင်များ၊ အစ္စလာမ်ဘာသာယုံကြည်သက်ဝင်သူများနှင့် အစ္စလာမ်ဘာသာဝင်များ၏ ဝါကျွတ်အီးဒ်ပွဲတော်အထိမ်းအမှတ် မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘာသာအချင်းချင်း အပြန်အလှန်လေးစားပြီး ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြစေလိုကြောင်း၊ ငြိမ်းချမ်းသာယာမှုနှင့်အတူ ပြည့်စုံသော ကောင်းချီးအဖြာဖြာကျရောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ဗလီဂေါပကအဖွဲ့ဥက္ကဋ္ဌ ဟာဂျီမောင်မောင်လေးက ဗလီကျောင်းအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဗလီရှေ့ဆောင်ဆရာ မောင်လာနာဦးထွန်းခင်က ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဝါကျွတ်အီးဒ်ပွဲတော်အထိမ်းအမှတ် အမှတ်တရလက်ဆောင်ခြင်းကို ပေးအပ်ခဲ့ပြီး ဗလီရှေ့ဆောင်ဆရာများ၊ ဗလီဂေါပကအဖွဲ့ဝင်များနှင့်အတူ မိတ်ဆုံစားပွဲကို အတူတကွ ချစ်ကြည်ရင်းနှီးစွာ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)