ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံမြောက် ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစား မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းမှ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြော ကြားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ရေကစားမဏ္ဍပ်အား ခရိုင်စီမံအုပ်ချုပ်‌ ရေးအဖွဲ့မှ အဖွဲ့‌ဝင်(၂) ဒေါက်တာရွှေပြည်စိုး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များမှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး  လှပျိုဖြူများက "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ကပြဖျော်ဖြေကာ တာဝန်ရှိသူများအား သပြေခက်ဖြင့်‌ အတာရေ‌အေးပက်ဖျန်း၍ ပျော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာမဟာ သင်္ကြန်ကို ကြိုဆိုခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုရေကစားမဏ္ဍပ်ကို ပြည်ထောင်စုလမ်းပေါ်ရှိ မဝတ လမ်းဆုံအနီးတွင် ဆောက်လုပ်ထားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်၌ သင်္ကြန်ကာလအတွင်း သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့်ဖျော်ဖြေ တင်ဆက်၍ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မဟာသင်္ကြန်ရက်များတွင် ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာရေကစား အပန်းဖြေ နိုင်စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း လည်း သိရသည်။

မြင့်မြင့်ရီ