ရန်ကင်း ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် တန်ခူးလဆန်း(၅)ရက်နေ့ ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့ရှိ ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်ကျော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမြင့်ဇော်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သပြေခက်နှင့် အတာရေများ လိုက်လံပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလအတွင်း သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန် တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)