စစ်တွေ ဧပြီ ၁၃
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမနှင့် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတို့၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နံ့သာသွေးအဖွဲ့များနှင့် ယိမ်းအကအဖွဲ့များတက်ရောက် ကြသည်။
ရှေးဦးစွာ ရခိုင်ရိုးရာနံ့သာသွေးပွဲအခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ယွမ်းပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများကဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကိုယ်စားပြု ယိမ်းအကအဖွဲ့နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံး ကိုယ်စားပြုယိမ်း အကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နံ့သာသွေးပွဲတော်ကို ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်မှစပြီး ယနေ့ခေတ်တိုင်အောင် သားစဉ်မြေးဆက်အဆင့်ဆင့်လက်ဆင့်ကမ်း ထိန်းသိမ်းလာကြသော ရခိုင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့အစဉ်အလာတစ်ခု ဖြစ်ကြောင်း၊ ရခိုင်ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ ဗုဒ္ဓဘာသာကိုအခြေခံသည့် ပွဲတော်ဖြစ်သည့်အတွက် သင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်အလိုမှာ မိမိတို့မြို့ရွာ၊ ရပ်ကွက်အလိုက် ကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်း၊ သိမ်အဆောက်အအုံများကို လူပျို၊ အပျို၊ ရပ်ကွက်လူငယ်များက စုပေါင်းသွားရောက်၍ ရေဖြင့်ဆေးကြောသန့်စင် သန့်ရှင်း ခြင်းများကို ဦးစွာလုပ်ကိုင်ကြကြောင်း၊ ညနေပိုင်းတွင် မိမိတို့ရပ်ကွက်ရှိ ဓမ္မာရုံ(သို့မဟုတ်) ယာယီအဆောက်လုပ်ထားသည့် မဏ္ဍပ်စသည့် အဆောက်အအုံများ၌ မီးများထွန်းညှိ၍ နံ့သာသွေးပွဲ ဆောင်ရွက်ကြကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိန်းမပျိုများသည် မိမိတို့၏နံ့သာ၊ ကရမက်၊ အမွှေးနံ့သာတုံးများကို ယူဆောင်လာကာ ငွေဖလား၊ ကြေးဖလား၊ ဖန်ဖလားများဖြင့် စုဆောင်းထားကြပါကြောင်း၊ မိန်းမပျိုများ နံ့သာသွေးနေကြစဉ် ယောင်္ကျားပျိုများမှာလည်း မဏ္ဍပ်အဆောက်အအုံအပြင်မှ တူရိယာများဖြင့် ပျော်ရွှင်စွာ သီဆိုတီးမှုတ်ကခုန်ကြပြီး ညဉ့်ဦးပိုင်းတွင် စုဆောင်းထားရှိသော အမွှေးနံ့သာရည်များအား တာဝန်ရှိသူများက စဉ့်အိုးကြီးများတွင်ထည့်၍ ကောင်းမွန်စွာသိမ်းဆည်းထားကြပြီး ထိုကဲ့သို့အစီအစဉ်များဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ရခိုင်ရိုးရာ နံ့သာသွေးပွဲဟုခေါ်ကြောင်း၊ ဗုဒ္ဓဘာသာတိုင်းပြည်၊ ဗုဒ္ဓဘာသာလူမျိုးတိုင်း၌ နှစ်ကူးအတာ သင်္ကြန်ကို ဆင်ယင်ကျင်းပကြသော်လည်း နံ့သာသွေးပွဲကို မည်သည့်ဒေသတွင်မျှ ဆောင်ရွက်ခြင်း မပြုကြဘဲ နံ့သာသွေးပွဲတော်ဆိုသည်မှာ ထူးခြားသည့် ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့် ရှောက်လာခဲ့ကြေသော ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ပင် ဖြစ်ကြောင်းနှင့် ယဉ်ကျေး သိမ်မွေ့ပြီး သမိုင်းအစဉ်အလာကြီးမားသော ရခိုင်ရိုးရာနံ့သာသွေးပွဲတော်ကို မပျောက် ပျက်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် နံ့သာသွေးအဖွဲ့များက တစ်ဖွဲ့ချင်းစီမိတ်ဆက်ကြပြီး နံ့သာသွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက နံ့သာသွေးပွဲအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ နံ့သာသွေးပွဲကျင်းပနေစဉ်ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များနှင့် စစ်တွေမြို့ပေါ်ရပ်များမှ ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက နံ့သာသွေးအဖွဲ့များနှင့် ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးသို့ ဘုရားရေသပ္ပါယ်ရန် ရခိုင်ရိုးရာ စဉ်လာမပျက်စီတန်းလှည့်လည်ကာ သွားရောက်ကြပြီး စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ပြည်လုံးချမ်းသာ ဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ ဘုရားရေသပ္ပါယ်အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည်နံ့သာသွေးပွဲမှ ရရှိလာသော နံ့သာရေများဖြင့် ရခိုင်ရိုးရာစဉ်လာမပျက် အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှိဗုဒ္ဓဆင်းထုတော်များအား ဘုရားရေသပ္ပါယ် ပူဇော်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်များ၊ အလှူရှင်များက အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး ဓမ္မာရုံဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)