မော်လမြိုင် ဧပြီ ၁၄
မွန်ပြည်နယ်၊ မဟာသင်္ကြန်အချိန်အခါသာမရ မော်လမြိုင်မြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ကြီးမှူးကျင်းပသော မွန်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တောင်ရိုးတန်းရှိ သာသနာ(၂၅၀၀)ကျောင်းတိုက်၊ ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် မွန်တိုင်းရင်းသားတို့၏ ဓလေ့ထုံထမ်းအစဉ်အလာအရ မဟာသင်္ကြန်အချိန်အခါသာမရတွင် မိဘဆရာသမားများနှင့် သက်ကြီးဝါကြီး ပုဂ္ဂိုလ်များကို ပူဇော်ကန်တော့တဲ့ အလေ့အထရှိကြပါကြောင်း၊ မိမိထက်အသက် အရွယ်ကြီးမြင့်တဲ့ ပုဂ္ဂိုလ်များ၊ အကျင့်သီလမြင့်မြတ်တဲ့ပုဂ္ဂိုလ်များအပေါ် ရိုသေကိုင်းညွတ်၍ လည်းကောင်း၊ လူကြီးသူမတွေအပေါ် ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြုမူပြစ်မှားမိတဲ့ အပြစ် တွေကို ဝန်ချတောင်းပန်နိုင်ဖို့အတွက်လည်းကောင်း သက်ကြီးပူဇော်ပွဲ မင်္ဂလာတရားတော်နှင့် အညီ ဆင်ယင်ကျင်းပခြင်းဖြစ်ကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီအနေဖြင့် မွန်စာပေ ကိစ္စ၊ မွန်ယဉ်ကျေးမှု အနုသုခုမကိစ္စတွေ သာမက မွန်လူမျိုးတို့ရဲ့ ဓလေ့ရိုးရာထုံးတမ်းအစဉ် အလာ ထိန်းသိမ်းမြှင့်တင် ဖော်ထုတ်တဲ့ လုပ်ငန်းဆောင်တာတွေမှာလည်း အားကြိုးမာန်တက် ဆောင်ရွက်နေတာဖြစ်လို့ အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် မွန်ရိုးရာသက်ကြီးပူဇော်ပွဲ ကို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့အတွက် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်မြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဌက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် သက်ကြီးပူဇော်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဘိုးဘွားများအား ဩဝါဒကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး အဘိုးတစ်ဦး၊ အဘွား တစ်ဦးတို့က မေတ္တာဆုတောင်း ပို့သပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ရိုးရာသက်ကြီးပူဇော်ပွဲတက်ရောက် ပူဇာ်ခံ ဘိုးဘွား တစ်ဦးချင်းစီအတွက် ဂါရဝပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များက ဘိုးဘွားများအား လှူဖွယ်ဝတ္တုများပေးအပ်ခဲ့ပြီး သက်ကြီးပူဇော်ပွဲတာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)