ညောင်ရွှေ ဧပြီ ၁၄
၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် အင်းလင်းရေပေါ်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ သင်္ကြန်အကြိုနေ့ နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှေ့ရှိ ရေလယ်ခန်းမ မဏ္ဍပ်၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာ့နှစ်သစ်ကူး မဟာအတာသင်္ကြန်ကို အင်းလေးဒေသတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်သည့်အတွက် ဒေသ၏ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ နှစ်တစ်နှစ်ဖြစ်ပါကြောင်းနှင့် အင်းလေးဒေသ ရေပေါ်သင်္ကြန်ပွဲကြီး၏ ဖွင့်ပွဲအခါသမယတွင် ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းခြင်း၊ ဂုဏ်သိက္ခာရှိစွာ ပါဝင်ဆင်နွှဲခြင်းဖြင့် မြန်မာနှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုကြရန် နှုတ်ခွန်းဆက်စကားပြောကြား၍ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။
ဆက်လက်၍ အင်းလေးရေပေါ်သကြင်္နဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ရပ်မိရပ်ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး “မြူမှုံဝေကင်း မူယာကျော့”တေးသီချင်းဖြင့် ယိမ်းအဖွဲ့များအားလုံးမှ ပါဝင်ကပြကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ အတာရေပက်ဖျန်းပေးကြပြီး power King Music Band အဖွဲ့ဖြင့် နိုင်ငံကျော်အဆိုတော်များ၊ ယိမ်းအကအဖွဲ့များမှ သီဆိုကပြဖျော်ဖြေကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)