လှိုင် ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အဆင့်မြင့်ပညာ ဦးစီးဌာနဝင်း၊အမှတ် (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟန်ဝင်းလတ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယိမ်းအဖွဲ့များကို အတာရေပတ်ဖြန်းကာ ဆုများချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
လှိုင်မြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလ (၄) ရက်အတွင်း သင်္ကြန်ယိမ်းအကများဖြင့်ဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့်ဖျော်ဖြေ၍ နေ့စဥ်စတုဒီသာများကျွေးမွေးပြီး သင်္ကြန်ပွဲတော်ကို အေးချမ်းစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)