ကျိုက်မရောမြို့မစျေးကြီး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကို ကြိုဆိုရန် အတားအိုး အတာပန်းဝယ်ယူသူများဖြင့် စည်ကား

ကျိုက်မရော ဧပြီ ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ်ရှိ စျေးကြီး၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ကြိုဆိုရန်အတွက် မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အရ အတာအိုးဝယ်သူများ၊ အတာပန်းများ ဝယ်ယူသူများဖြင့် တိုးမပေါက်အောင် စည်ကားများပြားလျက်ရှိသည်။

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကိုကြိုဆိုရန် သင်္ကြန်ရက်ကာလအတွင်း ကုသိုလ်ဒါန ပြုနိုင်ရန်အတွက်စားသောက်ကုန်များ ဝယ်ယူသူများ စျေးရောင်း၊ စျေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိနေပြီး ယနေ့အတာသင်္ကြန်အကြိုနေ့ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက်  လူငယ်များစုပေါင်းကာ တန်ခိုးကြီး ဘုရားစေတီများ၌ ရေသပ္ပါယ်ခြင်း၊ ထုံးသုတ်ခြင်း၊ ဆေးသုတ်ခြင်းအမှိုက်များ ရှင်းလင်းခြင်း၊ တရားစခန်းရိပ်သာများသို့သွား၍ တရားအားထုတ်သည့်နေရာများ၌ ယောဂီများ၏အဆောင်များအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ သောက်သုံးရေသန့်များ လှူဒါန်းပေးခြင်းစသည့်လုပ်အားဒါနပြုလုပ်ခြင်းကို နှစ်ကူးဒါနများအဖြစ် စုပေါင်းဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ကြသည်။

သင်္ကြန်အကြိုနေ့၌ ကျိုက်မရောမြို့ပေါ်၌ အုန်းလက်မဏ္ဍပ်များထိုးကာ ကလေးများ ရေပက်ကစားခြင်း၊ စတုဒီသာမဏ္ဍပ်များ၌ စတုဒီသာမုန့်မျိုးစုံ လှူဒါန်း ကြသူများလည်းရှိပြီး ရိုးရာအတာသင်္ကြန်အကြိုနေ့အား အေးချမ်းပျော်ရွှင်စွာ ကြိုဆို၍ စည်ကားများပြားလျက်ရှိနေကြောင်း သိရသည်။

ချိူမြတ်မြတ် ထွေး(ကျိုက်မရော)