ကျောက်ဖြူ ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျောက်ဖြူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်စုစုမာက အဖွင့်အမှာ စကားပြောကြားရာတွင် ယခုနံ့သာသွေးပွဲကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၉) ရပ်အနက်မှ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် ရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် ပါဝင်ဆောင်ရွက်ရန်ဆိုသည့် လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဗုဒ္ဓဘုရားရှင်အား နံ့သာရည်ပက်ဖျန်းပြီး ရေသပ္ပါယ်တော်မူရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သောပွဲဖြစ်သည့်အတွက် ကောင်းမှုကုသိုလ်များ တိုးပွားစေမည်ဖြစ်ပါကြောင်းစသော နံ့သာသွေးပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် နံ့သာသွေးပွဲအားဆက်လက်ကျင်းပရာ နံ့သာသွေးကြမည့်အဖွဲ့များက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး နံ့သာသွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူနှင့်ဇနီး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် နံ့သာသွေးကြသည့်အဖွဲ့များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ပြီး ရရှိလာသည့်အမွှေးနံ့သာရည်များကို ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်ပေါ်တော်မူတန်ခိုးကြီး ကံ့ကော်တောဘုရားသို့ သွားရောက်၍ ၎င်းဘုရားဝင်းအတွင်းရှိ ဘုရားဆင်းတုတော်များအား ရေသပ္ပါယ်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်