ဒလ ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်အား ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြ သည်။
ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သပြေခက်နှင့် အတာရေများ လိုက်လံပက်ဖျန်း၍ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းသိရသည်။
ဒလမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလ (၄) ရက်အတွင်း သင်္ကြန်ယိမ်းအကအလှများ ကပြ ဖျော်ဖြေခြင်း၊အဆိုတော်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်ဇော်(ပြန်/ဆက်)