မိုင်းဖြတ် ဧပြီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၁၃၈၅ခုနှစ်၊ ယနေ့ သင်္ကြန်အကြိုနေ့တွင် ဘုရားပန်းများ၊ သင်္ကြန်ကြိုပန်းများ၊ အတာအိုးများ ရောင်းအားကောင်းလျက်ရှိကြောင်း ဘုရားပန်း ရောင်းသူ ဒေါ်ဘူးညာထံက သိရသည်။
အဆိုပါ ဘုရားပန်းများ၊ သင်္ကြန်ကြိုပန်းများ၊ အတာအိုးများ ရောင်းအားကောင်းတာနှင့်ပတ်သက်ပြီး ဒေါ်ဘူးညာက ကျွန်မတို့ကတော့ နေ့စဥ် ဘုရားပန်းကို ပုံမှန်ရောင်းချလျက်ရှိကြောင်း၊ ပန်းတွေကိုတော့ ကိုယ်တိုင်စိုက်ပျိုးတဲ့ပန်းတွေကို ရောင်းသလို တောင်းကြီး၊ တာချီလိတ်မြို့က တစ်ဆင့် ရောင်းဝယ်ကြောင်း၊ ယခုအချိန်ကတော့ မြန်မာနှစ်သစ်ကူးပွဲတော်ကာလဖြစ်တဲ့အတွက် အတာကြိုပန်း၊ ဘုရားပန်းနဲ့ အတာအိုး(မြေအိုး)တွေက ပိုပြီး ရောင်းကောင်းလျက်ရှိပြီး နှစ်စဥ်နှစ်တိုင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့များတွင် ပိုမိုရောင်းအားကောင်း ကြောင်း ပြောကြားသည်။
မိုင်းဖြတ်မြို့နယ်တွင် ဒေသထွက်ပန်းဖြစ်သည့် မေမြို့ပန်း သုံးခက်ပါ ပန်းတစ်စည်းကို ကျပ်၂၀၀၀၊ ဒေသထွက်ဂန္ဓာမာပန်းတစ်စည်းကို ကျပ်၅၀၀၀အထိ ရောင်းချသလို ထိုင်နိုင်ငံမှတစ်ဆင့် ဝယ်ယူရောင်းချသည့် ဂန္ဓာမာပန်းတစ်စည်းကို ကျပ် ၁၀၀၀၀၊ ကြယ်ပန်း တစ်စည်းကို ကျပ် ၅၀၀၀၊ အတာအိုး(မြေအိုး)၁လုံးကို ကျပ် ၂၀၀၀အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။
မြန်မာနှစ်သစ်ကူးရက်များတွင် ဗုဒ္ဓဘာသာဝင် မိဘပြည်သူများအနေဖြင့် မိမိတို့၏ နှစ်သစ်ကူးအချိန်အခါဖြစ်သည့် သင်္ကြန်အကြိုနွေရက်မှစ၍ နှစ်ဆန်းတစ်ရက်နေ့အထိ ဘုရားပန်းများဝယ်ယူ၍ ကပ်လှူပူဇော်ခြင်း၊ အတာကြိုအိုး၊ အတာပန်းများကို ဝယ်ယူ၍ သော်လည်းကောင်း၊ ကိုယ်တိုင်ခူး၍သော်လည်းကောင်း မိမိတို့အိမ်များတွင် ကပ်လှူပူဇော်ခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့၏ နှစ်စဥ် ပြုလုပ်လေ့ရှိကြသည့် ချစ်စရာ့မြန်မာ့ရိုးရာ ဓလေ့များဖြစ်ပါသည်။
မြို့နယ်(ပြန်/ဆက်)