နမ့်စန်(တ) ဧပြီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို သင်္ကြန်အကြိုနေ့ ယနေ့နံနက် ၉ နာရီချိန်၌ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမရှေ့၊ မြို့လယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက မဟာသင်္ကြန် နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နမ့်စန် တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌ ဦးလင်းဆိုင်တို့က မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ယိမ်းလှပျိုဖြူများအား သပြေခက်ဖြင့် အတာရေများ ပက်ဖြန်းခဲ့ကြသည်။
ထို့နောက် ရပ်ကွက်နှင့်ကျေးရွာများမှ သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက နံနက် ၁၀ နာရီတွင် ထင်းရှူးမြိုင်ကျေးရွာရှိ နမ့်စန်တပ်နယ် နောင်ခမ်းရေကစားမဏ္ဍပ်နှင့် နမ့်စန်လေတပ်စခန်းဌာနချုပ်အတွင်းရှိ သင်္ကြန်မဏ္ဍပ်တို့ကို သွားရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
သူရအောင်(နမ့်စန်)