တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား နွေဆီထွက်သီးနှံနှင့် နွေစပါးသီးနှံများအတွက် ငွေကျပ် (၇၀၃.၆)သန်း ထုတ်ချေးပေး

ကျောက်ဆည် ဧပြီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများနှင့် မွေးမြူရေးလုပ်ကိုင်ကြသည့် ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများထူထောင်ပြီး နွေးစပါး၊ မိုးစပါး၊ ဆောင်းဆီထွက်သီးနှံ၊ နွေဆီထွက်သီးနှံများ ရာသီအလိုက် စိုက်ပျိုးနိုင်ရေး၊ မွေးမြူရေးကဏ္ဍနှင့် သမဝါယမကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ချေးငွေများ၊ ပံ့ပိုးပစ္စည်းများ၊ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၈)ဘီလီယံမှ နွေဆီထွက်သီးနှံနှင့် နွေစပါးသီးနှံများအတွက် ငွေ (၇၀၃.၆)သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ နွေစပါးရာသီတွင် စိုက်ပျိုးဧကပေါင်း (၃၂၆) ဧကအတွက် ချေးငွေ (၆၅.၂)ကျပ်သန်းကိုလည်းကောင်း၊ မိုးစပါး (၄၀၀)ဧကနှင့် မွေးမြူရေးကဏ္ဍအတွက် ငွေ (၄၅၀)ကျပ်သန်းကိုလည်းကောင်း၊ ဆောင်းဆီထွက်သီးနှံ (၂၃၀၀)ဧကအတွက် ငွေ(၄၁၀)ကျပ်သန်းကိုလည်းကောင်း အသီးသီး ထုတ်ချေးပေးနိုင်ခဲ့ကြောင်းနှင့် ယခုအခါ နွေနှမ်းစိုက်ပျိုးမည့်ဧက (၃၀၀၀)အတွက် ချေးငွေ (၆၀၀)ကျပ်သန်းနှင့် မိုးကြိုနေကြာ (၁၀၀)ဧကအတွက် ချေးငွေကျပ် (၂၀)သန်း၊ သမဝါယမအသင်းဝင်များ၏ နွေစပါး (၄၁၈)ဧကအတွက် ချေးငွေကျပ် (၈၃.၆၀)ကျပ်သန်း၊ စုစုပေါင်းငွေ (၇၀၃.၆)ကျပ်သန်းအား အတိုးနှုန်းသက်သာစွာဖြင့် ပံ့ပိုးကူညီ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သသည်။

ထို့နောက် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းထုတ်ချေးမှု နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်များချုပ်ဆိုခဲ့ပြီး တောင်သူ (၆၀၀)ဦး၏ နွေနှမ်းစိုက်ဧက (၃၀၀)အတွက် ထုတ်ချေးငွေ (၆၀၀)ကျပ်သန်း၊ တောင်သူ (၃၃)ဦး၏ မိုးနေကြာစိုက်ဧက (၁၀၀)ဧကအတွက် ထုတ်ချေးငွေ (၂၀)ကျပ်သန်း၊ သမဝါယမအသင်းဝင် တောင်သူ (၈၃)ဦး၏ နွေစပါးစိုက်ဧက (၄၁၈)ဧကအတွက် ထုတ်ချေးငွေ (၈၃.၆၀)ကျပ်သန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)