ငါန်းဇွန်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် စတုဒိသာမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ငါန်းဇွန် ဧပြီ ၁၃

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့လမ်းဆုံ၌ ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် စတုဒိသာမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ရေပက်ဖြန်းကြပြီး အနုပညာဝါသနာရှင် ယိမ်းအဖွဲ့မှ ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ပြည်သူများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြန်မာ့ရိုးရာအစားအစာများဖြင့် စတုဒိသာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ ကြောင်း သိရသည်။   

အဆိုပါစတုဒိသာမဏ္ဍပ်တွင် ယနေ့မှစ၍ မဟာသင်္ကြန်အတက်နေ့အထိ နံနက် ၈ နာရီမှ ၁၁ နာရီ အထိ၊ ညနေ ၃ နာရီမှ ၆ နာရီအထိ လာရောက်ရေကစားကြသူများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြန်မာ့ရိုးရာအစားအစာ စတုဒိသာများ ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)