မုဒုံမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

မုဒုံ ဧပြီ ၁၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့မ(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ယိမ်းအကအဖွဲ့များက “မြူမှောင်ဝေကင်း” တေးသီချင်းဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှုအကအလှများ ဖျော်ဖြေခဲ့​ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အတာရေပက်ဖျန်း၍ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

မုဒုံမြို့နယ် ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ တေးချစ်သူ အဆိုဝါသနာရှင်များဖြင့် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)