မုဒုံ ဧပြီ ၁၃
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် မဟာသင်္ကြန် (အကြိုနေ့) ၌ ဘုရားဖူးပြည်သူများ၊ တရားဘာဝနာပွားများသူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
မဟာသင်္ကြန် (အကြိုနေ့) နံနက်ပိုင်းမှစတင်၍ မုဒုံမြို့ရှိ အထင်ကရတန်ခိုးကြီးဘုရားဖြစ်သည့် အတောင် (၄၀၀) ပြည့် လျောင်းတော်မူဘုရားကြီး၊ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး စသည့်စေတီပုထိုးများတွင် ဒေသခံပြည်သူများက ဆွမ်း၊ ပန်း၊ ရေချမ်း၊ အမွှေးနံ့သာများနှင့် ရွှေကြာသင်္ကန်းတို့ကို ကပ်လှူပူဇော်ကြပြီး တရားစခန်းများတွင်လည်း ဥပုသ်သီလ ဆောက်တည်ကြသည့်အပြင် တရားဘာဝနာပွားများကြသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စတုဒိသာများ ကျွေးမွေးဧည့်ခံလျက်ရှိသလို ရေကစားမဏ္ဍပ်များတွင်လည်း ပြည်သူများက ရေကစား၍ အတာသင်္ကြန်ရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)