ရန်ကုန် ဧပြီ ၁၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စုပေါင်းဒုလ္လဘ ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပွဲကို ယမန်နေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ သာသနာ့ ရိပ်သာလမ်းရှိ သီရိမင်္ဂလာမဟာဓမ္မာရုံကျောင်းတိုက်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး သီရိမင်္ဂလာမဟာဓမ္မာရုံကျောင်း ဆရာတော်ဦးဉာဏောဘာသထံမှ အခမ်းအနားတက်ရောက်လာကြသူများက ငါးပါး သီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်နှင့် သံဃာတော်များက မေတ္တာသုတ်၊ ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး တာဝန်ရှိသူများက ဆရာတော်များထံ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် သီရိမင်္ဂလာမဟာဓမ္မာရုံကျောင်းဆရာတော် ဦးဉာဏောဘာသက အနုမောဒနာ တရားတော် ဟောကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားတော် ချီးမြှင့်ပေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ရန်ကုန်မိသားစု) က နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)