လယ်ဝေး ဧပြီ ၁၃
၂၀၂၄-ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ရောက်ရှိမည့် အလုပ်သမားနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီက လယ်ဝေးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်း၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ် ၈ မြို့နယ်မှ MSME လုပ်ငန်းရှင်များတက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိစျေး၌ မေလ ၁ ရက်၊ အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကျင်းပမည်ဖြစ်၍ သက်ဆိုင်ရာဌာနအလိုက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စက်မှုဇုံအလိုက် ခင်းကျင်းပြသရမည့် ပြခန်းများ၊ MSME ထုတ်ကုန်များအား ကျယ်ပြန့်စွာ ခင်းကျင်းပြသနိုင်ရေးစသည်တို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍လယ်ဝေးခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုးက MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ပြုလုပ်မည့်အစီအစဥ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး MSME ဒုဥက္ကဋ္ဌ ဦးအောင်ကိုထက်မှ ထုတ်ကုန်များရောင်းချမည့်အစီအစဥ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက်တိုင်းအဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကာ ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကလည်း ပြသရောင်းချမည့် ကုန်ပစ္စည်းများနှင့် ဒေသအစားအစာ များ ခင်းကျင်းရောင်းချမည့်အခြေအနေများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိစျေးတွင် အလုပ်သမားနေ့ အထိမ်းအမှတ် ကျင်းပမည့် MSME ထုတ်ကုန်ပြပွဲနှင့်စျေးရောင်းပွဲတော်အား မေ ၁ ရက်မှ ၅ ရက်နေ့အထိMSME ထုတ်ကုန်များနှင့် ဒေသထွက်ကုန်များ၊ ဒေသအစားအစာများ ဆိုင်ခန်းပေါင်း ၅၄ ခန်းဖြင့် ပြသရောင်းချပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)