စဉ့်ကူး ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည့် အသိပညာပေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစံရွှေက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဲအိစံက ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးသူငယ်များအတွက် အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်များအပေါ် ပြစ်မှုကျူးလွန်ပါက အရေးယူနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်ကန့်သက်ချက်များ၊ ကလေးအလုပ်သမားများ ဖြစ်လာရသည့် အကြောင်းရင်းများ အစရှိသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများအား အသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစံရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဲအိစံနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ Book Club အဖွဲ့ဝင်များ၊ Women Club အဖွဲ့ဝင်များနှင့် စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)