မန္တလေး ဧပြီ ၁၂
ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန်၊ ကလေးများလုပ်သော အလုပ်နှင့် ကလေးသူငယ်အခွင့်အရေး သိရှိစေရန်၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အလုပ်များအကြောင်း သိရှိကြစေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြညဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လုပ်ငန်းပိုင်ရှင်များအနေဖြင့် ကလေးများကို ကာကွယ်စောင့်ရှောက်ပေးရန် နည်းလမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်ချိုချိုစန်းက ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ဝင်းဝင်းက ကလေးများ၏ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပိုင်ခွင့်၊ မတော်မတရားမှု၊ အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့မှ အကာအကွယ်ပေး ခံပိုင်ခွင့်၊ ပါဝင်ခွင့် အစရှိသည့်အကြောင်းအရာများကို ဆွေးနွေးပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်သန်း