ငါန်းဇွန် ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ကို လေ့လာ ဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင် မအင်ကြင်းလှိုင်က “လမ်းလျှောက်ထွက်ကြမယ်” ခေါင်းစဉ်ဖြင့် အနောက်တိုင်းဆေးပညာရဲ့ ဖခင်ကြီးဖြစ်တဲ့ Hippocrates က လမ်းလျှောက်ခြင်းသည် လူသားတို့၏ အကောင်းဆုံးဆေးဖြစ်သည်ဟု ဆိုခဲ့ကြောင်း၊ အခုလိုတိုးတက်နေတဲ့ခေတ်မှာ ဖြစ်ပေါ်နေကြတဲ့ ရောဂါတွေသည် ကိုယ်လက်လှုပ်ရှားမှု လုံလောက်အောင် မရတဲ့အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မှန်မှန်လမ်းလျှောက်ခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုး၊ လေဖြတ်ခြင်းနှင့် ဆီးချို၊ ကင်ဆာတချို့ရောဂါများကို လျော့ပါးစေကြောင်း၊ လမ်းလျှောက်ခြင်းသည် နှလုံးခုန် သည့်အခါ သွေးလွတ်ကြောများကို ဆန့်နိုင် ကျုံ့နိုင်စေတဲ့ စွမ်းအားကို ထိန်းသိမ်းပေးနိုင်ကြောင်းကို လည်းကောင်း၊ မနန္ဒာဝင်းက “မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့် မျှော်လင့်ချက်ဆိုတာ စိတ်ဝိညာဉ်ထဲမှာ နားခို ကြောင်း၊ စိတ်ဆင်းရဲတဲ့ ဆင်းရဲသားတစ်ဦးရဲ့ အနေအထားက စိတ်ဆင်းရဲနေတဲ့ ချမ်းသာသူတစ်ဦးထက် ပိုပြီး မျှော်လင့်ချက်ရှိကြောင်းကိုလည်းကောင်း၊ မချောစုခိုင်က “မွေးမေမေနဲ့ ကျွေးမေမေ” ခေါင်းစဉ်ဖြင့် အမေဆိုတာ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ?၊ ရင်သွေးကို မွေးဖွားပြီးနောက် သူ့ရင်သွေးကို တကယ်ချစ်ခင် ပျိုးထောင်မယ့် သူကို ပေးလိုက်တဲ့ အမျိုးသမီး(မွေးမေမေ)၊ အဲဒီကလေးကို ယူပြီး သူ့ရင်ကဖြစ်လာတဲ့ သူလို ပြုစုယုယပေးတဲ့ အမျိုးသမီး(ကျွေးမေမေ)၊ နှစ်ပေါင်းများစွာ ကလေးကို မေတ္တာနဲ့ ကရုဏာထားနိုင်မှသာ မိခင်ကောင်းလို့ ခေါ်ဆိုထိုက်ကြောင်းကိုလည်းကောင်း “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစု များ” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက် လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)