မြစ်သား ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်မည့် ရခိုင်မုန့်တီပြုလုပ်နည်းသင်တန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်လွဲပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ရခိုင်မုန့်တီပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရန်နှင့် မိမိတို့ဌာနမှလစဉ်ဆောင်ရွက်မည့်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ဆန်းသွယ်သွယ်ဝင်းက မိမိတို့အဖွဲ့ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ရခိုင်မုန့်တီပြုလုပ်နည်းသင်တန်းကို ဧပြီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် သင်တန်းနည်းပြနှင့် သင်တန်းသူ (၄) ဦး တက်ရောက်ဖွင့်လှစ်ပြီး မိမိတို့အဖွဲ့အနေဖြင့် လစဉ်ပြုလုပ်မည့်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များက သင်တန်းအကြောင်း သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်သူ့စာကြည့်တိုက်ရှေ့တွင် ပြသထားသော နံရံကပ်စောင်များကို စိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)