မိတ္ထီလာ ဧပြီ ၁၂
မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကိုဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်နေရာများကိုနန်းတော်ကုန်းရပ်ကွက် မိတ္ထီလာကန်ပတ်လမ်းအနီးတွင် ဆောက်လုပ်ပြင်ဆင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမှာ ၂ဝ၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် ဗဟိုမဏ္ဍပ်၊ ရေ ကစားမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်နေရာများကို ပြင်ဆင် ဆောက်လုပ်နေတာ ဒီနေ့မနက်ပိုင်းမှာ ဆောက်လုပ်မှုလုပ်ငန်းအားလုံးရဲ့ ၉ဝ ရာခိုင်းနှုန်းပြီးနေပြီ ဖြစ်ပါတယ်။ လမ်းလျှောက်သင်္ကြန်နေရာမှာဆိုရင် အရိပ်တိုင်စင်တွေအောက်မှာ ပုသိမ်ထီးများ၊ ရောင်စုံထီးများ၊ ပိတောက်ပန်းခက်များ၊ ထန်းရွက်ငါးရုပ်များ၊ အုန်းလက်များနဲ့ အလှဆင်ထားပြီး ရေကစားဖို့အတွက် ဒေသလှေ ၁ဝ စီးကိုလည်း ပြည်သူများပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ဖို့အတွက် စီစဉ်ထားရှိပေးမှာဖြစ်ပါတယ်ဟု အဆိုပါမဟာသင်္ကြန်ပွဲတော် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိတ္ထီလာ မဟာသင်္ကြန်ပွဲတော်ကျင်းပသည့် ကန်ပတ်လမ်းနေရာတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေး၊ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်ဖြတ်သန်းသွားလာမှုကို သင်္ကြန်ပွဲတော်ကာလအတွင်း ယာယီလမ်းပိတ်ထားမည် ဖြစ်သည်။ အဆိုပါ သင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွှဲလိုသူများအနေဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ကန်ပတ်လမ်းအရှေ့ထိပ်ရှိ ဓမ္မသုခရွေစည်းခုံစေတီတော်၏ ယာဉ်ရပ်နားဝန်းနေရာနှင့် ကန်ပတ်လမ်း အနောက်ထိပ်ရှိ အ.မ.က(နန်းတော်ကုန်း) ဝန်းနေရာများတွင် အပ်နှံထားရှိနိုင်ကြောင်း သိရသည်။
ချမ်းသာ