နေပြည်တော် ဧပြီ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ (၄) နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် နေပြည်တော်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန် လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ကတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)