ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အင်္ဂလိပ်စာ Grammar အခမဲ့ သင်တန်းဆင်းပွဲ ကျင်းပ

ပျဉ်းမနား ဧပြီ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက “လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများ၊ ဟောပြောဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိပါကြောင်း၊ ယခုသင်တန်းသည်လည်း နွေရာသီကျောင်းပိတ်ကာလတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အင်္ဂလိပ်စာအခြေခံ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က  သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများနှင့် ဆက်လက်ဖွင့်လှစ်သင်ကြားသွားမည့် သင်တန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူနှင့် အ.ထ.က ၂ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူမြင့်တို့က သင်တန်းနည်းပြဆရာမများအား ဂါရဝလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် အင်္ဂလိပ်စာ Grammar သင်တန်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက we are the world သီချင်းဖြင့် စုပေါင်းသီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

အဆိုပါ အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းအား ဧပြီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ သင်တန်းသား ၃ ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)