သံဖြူဇရပ် ဧပြီ ၁၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသည့် "သေသော်မတည့်သြော်ကောင်း၏" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်ယု (နန္ဒာမောင်) က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ (Book Club) အဖွဲ့မှ အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ သမိုင်းကြောင်းဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာတို့ကို ကဏ္ဍအလိုက်ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာကြသော အဖွဲ့ဝင်များက အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲကိုဆောင်ရွက်ခြင်းဖြင့် လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)