တပ်ကုန်း ဧပြီ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မဟာသင်္ကြန်အကြိုအထိမ်းအမှတ် ပန်းချီနှင့် ယိမ်းအကပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် မဟာသင်္ကြန်အကြို အထိမ်းအမှတ် ပန်းချီနှင့် ယိမ်းအကပြိုင်ပွဲများ ကျင်းပရာ ဆရာစံရပ်ကွက်၊ နှင်းမူကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင် ကြည်မူ-ပျဉ်းမနား)၊ အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း) နှင့် တာဝန်ရှိသူများက ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား တက်ရောက်သူများက လေ့လာကြည့်ရှုကြ ကြောင်း သိရသည်။
တင်စိုးလွင်