ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ ကျင်းပ

​ဒဂုံမြောက် ဧပြီ ၁၂

ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်နှင့် မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့်ပတ်သက်၍ အမြတ်တနိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ​ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်  ၁၁ နာရီက အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်မော်နီက သင်တန်းပို့ချချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီပညာရပ်၏ အခြေခံသဘောတရားများ၊ ရှုခင်းအလှပန်းချီ၊ လူပုံနှင့် တိရစ္ဆာန်ပုံရေးဆွဲနည်းများ၊ အရောင်တို့၏ အနက်အဓိပ္ပာယ်၊ အရောင်တို့မှပေးသော ခံစားမှုရသများနှင့် ဆေးရောင်စပ်နည်းများနှင့်ပတ်သက်၍ သင်တန်းသား/သင်တန်းသူများအား ၂၀၂၄ ခုနှစ် ဧပြီလ(၈)ရက်နေ့မှ ဧပြီလ(၁၂)ရက်နေ့အထိ အခြေခံပန်းချီရေးဆွဲနည်းကို ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။ 

မြင့်မြင့်ရီ(ပြန်/ဆက်)