ရန်ကုန် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သန့်ရှင်းလတ်ဆက်သော သား ၊ ငါး ၊ စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ညီနောင် လုပ်ငန်းရှင်အသင်းများမှ မော်တော်ယာဉ်များဖြင့် ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လာရောက်ရောင်းချကြောင်း သိရသည်။
ပြည်သူများမိမိနေအိမ်မှ ကွာဝေးသောဈေးများသို့ သွားရောက်ဝယ်ယူခြင်းမပြုသည့် အတွက် ကူးစက်ရောဂါ ပြန့်ပွားမှုမှ အထိုက်အလျှောက် ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့နယ်အားလုံးတွင် အလှည့်ကျ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရပြီး ရပ်ကွက်နေပြည်သူများ ဈေးဝယ်ရာတွင် နှာခေါင်းစည်းများတပ်၍ ၆ပေအကွာမှ စနစ်တကျဝယ်ယူရန် မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေနှင့် အဖွဲ့ဝင်များ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)