တံတားဦး ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/သူ များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာများဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ပြီး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓာတ်ပုံ စာစောင်ပြပွဲများပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
စာအုပ်စာစောင်နှင့်၊ နံရံကပ်ဓါတ်ပုံစာစောင်ပြပွဲကျင်းခြင်းနှင့် စပ်လျဉ်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဘိုမောင်ကကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရေး စာပေကိုချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာရေး၊ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရေး ဗလငါးတန်နှင့်ပြည့်ဝသည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေးတို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၂၇)ဦးတို့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရရှိဖွယ် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမား ပပျောက်ရေးမှတ်တမ်းဓါတ်ပုံများ၊ အပူဒဏ်ကာကွယ်ရေး မှတ်တမ်းဓာတ်ပုံများကို စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)