မြစ်ကြီးနား ဧပြီ ၁၂
၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်း (၂)ယောက်တွဲနှင့် (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် Y.F.T နွေဦးရာသီအလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲများ၏ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ဧပြီ ၁၀ ရက်နေ့ ညနေ ၃ နာရီက သက်ဆိုင်ရာ အားကစားရုံများ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ ကြီးကြပ်စီမံမှုဖြင့် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက် ငြိမ်းချမ်းသာယာ ပိုက်ကျော်ခြင်းအားကစားခန်းမ၌ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ် ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ ပူးပေါင်း၍ ပိုက်ကျော်ခြင်းအသင်းပေါင်း (၂၂) သင်းဖြင့် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်း (၂)ယောက်တွဲနှင့် (၃)ယောက်တွဲပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ နောက်ဆုံး ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်မှုအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပိုက်ကျော် ခြင်းအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုများကိုပေးအပ်ချီးမြှင့်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပါဝင်ကူညီခဲ့ကြသော အဖွဲ့အစည်းများ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ (၃)ယောက်တွဲ ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး ဆုရကစားသမားကို လည်းကောင်း၊ ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၃)ယောက်တွဲ ပထမဆုရအသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကို လည်းကောင်း ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ဧပြီ ၁ ရက်နေ့မှစတင်၍ မြစ်ကြီးနားမြို့နှင့် အခြားမြို့နယ်များမှ ကလပ်အသင်းပေါင်း (၃၆)သင်းဖြင့် ကျင်းပခဲ့သော Y.F.T နွေဦးရာသီ အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဘောလုံး ဝါသနာရှင် များနှင့်အတူ ဆက်လက်ကြည့်ရှုအားပေးခဲ့ကြရာ ဗိုလ်လုပွဲတွင် နောင်ရာ FC အသင်းက အနိုင်ရဗိုလ်စွဲ သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချူပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖူဆယ်အားကစား ဆပ်ကော်မတီအတွက် ချီးမြှင့်ငွေများ၊ ပြိုင်ပွဲတွင် ပံ့ပိုးကူညီပေးခဲ့ကြသော ဒိုင်အဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ စံပြကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ ပွဲစဉ် တစ်လျှောက်အကောင်းဆုံးကစားသမားဆုရရှိသူများကိုလည်းကောင်း၊ အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆုရအသင်းများအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)