မတ္တရာ ဧပြီ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက် သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန်အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ အောင်မြေသာစံခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် ကော်မတီဝင်များသည်၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)ကို ဇုန်အလိုက် အကောင်အဖော်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမည့် မြေပဲ နှမ်း၊ နေကြာမျိုးများကို သတ်မှတ်တင်း အရေအတွက် ထွက်ရှိနိုင်သောမျိုးစေ့များကို ရွေးချယ်စိစစ်၍ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိနိုင်ရေး၊ မြေအသုံးချမှုများနှင့် စက်အင်အားလုံလောက်မှုရှိစေရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မတ္တရာမြို့နယ်၌ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန်တွင် ၂၅၉၀၀ ဧက ဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)