လှည်းကူးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

လှည်းကူး ဧပြီ ၁၂

၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် အုန်းလက်ရေကစားမဏ္ဍပ်ငယ်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

လှည်းကူးမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ် (၁)ခုနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှာ အုန်းလက်ရေကစားမဏ္ဍပ်ငယ်များနဲ့ ဆင်နွှဲသွားမှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် ဗဟိုရေကစားမဏ္ဍပ်၌ ယိမ်းအဖွဲ့(၄)ဖွဲ့ ကပြဖျော်ဖြေပေးသွားမှာဖြစ်ပြီး၊ တေးဂီတဖျော်ဖြေပွဲလည်း နေ့စဉ်ရှိပါတယ်။ ရေကစားမဏ္ဍပ်မှာ လာရောက်ပြီး ရေကစားကကြတဲ့သူတွေအတွက်ကိုလည်း စတုဒီသာများနှင့် ဧည့်ခံကျွေးမွေးသွားမှာဖြစ်ပါတယ်ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က ရှင်းပြသည်။

ထို့အပြင် နှစ်ဆန်းတစ်ရက်နေ့တွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်း အန္တရာယ်ကင်းပရိတ်တရားတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲများ၊ သက်ကြီးပူဇော်ပွဲများနှင့် ငမိုးရိပ်ချောင်းတွင် ဇီဝိတဒါန ငါးလွှတ်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)