ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် အသံမစဲပဌာန်းကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဗိုလ်တထောင် ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ၂၀၂၄-ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၅) ရက်နေ့အထိ (၁၂၆) ရက်တိုင်တိုင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်များအလိုက် အလှည့်ကျကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်က ဗိုလ်တထောင်မြို့နယ် ရဲရိပ်သာရပ်ကွက်တွင် တည်ထားကိုးကွယ်သော ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီးတွင် အသံမစဲမဟာပဌာန်းကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာကြသော မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် မဟာသဒ္ဓမဇောတိကဓဇဘဒ္ဒန္တသီလဝံသ အမှူးပြု၍ သံဃာတော်အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားကြီးတိုက်၊ ပတ္တမြားကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသအရှင်သူမြတ်မှ ဘုရားပင့်ဂါထာတော်ဖြင့် မြတ်စွာဘုရားရှင်အား ပင့်ဖိတ်ပူဇော်ခဲ့သည်။ ဆက်လက်ပြီး ဗိုလ်တထောင်ဘုရားကြီးတိုက်၊ စေတိယပါလကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တအရှင်သူမြတ်မှ နတ်ဗြဟ္မာများအား ဖိတ်ကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက  ဗိုလ်တထောင်စေတီတော် ဩဝါဒစရိယဗိုလ်တထောင် မြို့နယ်သံဃနာယကဥက္ကဌ ဆရာတော် မဟာသဒ္ဓမဇောတိကဓဇဘဒ္ဒန္တသီလဝံသ ပညာရာမိက (အေ) ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဩဝါဒကထာ နာကြားခဲ့ သည်။

ဆက်လက်ပြီး ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရား ကြီးတိုက်၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ ဓာတ်မီးကျောင်းဆရာတော် ဘဒ္ဒန္တစိန္တာဝရ အရှင်သူမြတ်မှ ပဌာန်းဒေသနာတော်ရွတ်ဖတ်ရန် တိုက်တွန်းနိုးဆော်လွှာ ဥယျောဇန ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ပရိတ်သတ်အပေါင်းတို့မှ ပဌာန်းပစ္စယုဒ္ဒေသ (၂၄) ပစ္စည်း ပါဠိတော်များကို သံပြိုင်ရွတ်ဖတ်ပူဇော်၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီး အလှည့်ကျဆရာတော်များမှ ပဌာန်းပါဠိတော်များကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အဆိုပါ အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ၂၀၂၄-ခုနှစ် ဧပြီလ (၁၁)ရက်မှ ဧပြီလ (၁၆) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိသည်။

ခင်ဝင်း