မတ္တရာ ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဧပြီလ ၇ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် သရက္ကန်မြောက်ကျေးရွာအုပ်စု မင်းကန်ကျေးရွာမှနေအိမ်များ ပျက်စီးဆုံးရှုံးမှုများ၊ ဒဏ်ရာရရှိသူနှင့် သေဆုံးသူမှုများအတွက် မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတွင် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမှ လေဘေးသင့်အိမ်ထောင်စုများကို အားပေးနှစ်သိမ့်စကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းတို့မှ လေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးခဲ့သူ တစ်ဦး၏ မိသားစုဝင်များအား ထောက်ပံ့ငွေ ကျပ်(၃)သိန်း၊ နေအိမ်ပျက်စီးမှုအတွက် ကျပ်(၁)သိန်း၊ ဆန်ရိက္ခာထောက်ပံ့ငွေ(၁၂၆၀၀)ကျပ်နှင့် ထောက်ပံ့ပစ္စည်းများ၊ ထိခိုက်ဒဏ်ရာရရှိသော အိမ်ထောင်စုအတွက် ထောက်ပံ့ငွေ တစ်သိန်းငါးသောင်းကျပ်၊ ဆန်ရိက္ခာထောက်ပံ့ငွေ (၁၂၆၀၀)ကျပ်နှင့် ထောက်ပံ့ပစ္စည်းများ၊ နေအိမ်ပျက်စီးသော အိမ်ထောင်စုအတွက် ထောက်ပံ့ငွေ တစ်သိန်းကျပ်၊ ဆန်ရိက္ခာထောက်ပံ့ငွေ (၆၃၀၀)ကျပ်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)