ပုဇွန်တောင် ဧပြီ ၁၂
ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းနှင့် မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်အမျိုးမျိုးကင်းရှင်း၍ ကောင်းခြင်းမင်္ဂလာ စီးပွားချမ်းသာတိုးတက်စေရန် ရည်သန်လျက် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး သာသနဇောတိက ဓမ္မာရုံ၌ ဧပြီလ ၉ ရက်နေ့မှစတင်၍ (၃)ရက်တိုင်ကျင်းပခဲ့သည့် ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇအဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဓဇထံမှ ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဧည့်ပရိတ်အပေါင်းတို့က ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျယ်ကြသည်။
ဆက်လက်၍ ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဧည့်ပရိတ်အပေါင်းတို့က ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် မင်္ဂလာစံကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်