ပုဇွန်တောင်မြို့နယ်တွင် ပုဇွန်တောင်မြို့နယ် မိသားစုရိုးရာရေကစားမဏ္ဍပ် စတင်ဆောက်လုပ်

ပုဇွန်တောင် ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပုဇွန်တောင်မြို့နယ် မိသားစုရိုးရာရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းကို ဧပြီ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပုဇွန်တောင်မြို့နယ်မိသားစု ရိုးရာရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာကော်မတီဝင်များ၊ မဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့များ၊ ရပ်ကွက်များမှ ဝိုင်းဝန်းကူညီသူများဖြင့် အမှတ်(၇)ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ ပုဇွန်တောင်ပန်းခြံရှေ့တွင် အလျား ၆၀၊ အနံ ၂၀ အမြင့် ၅ပေ ရှိသော ပုဇွန်တောင်မြို့နယ် မိသားစုရိုးရာ ရေကစားမဏ္ဍပ်စတင်ဆောက်လုပ်လျက်ရှိသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် မဏ္ဍပ်တည်ဆောက်ရေးနှင့် အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ မဏ္ဍပ်ဖွင့်ပွဲ/ ပိတ်ပွဲနှင့် ကြိုဆိုနေရာချထားရေး၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေရေး၊ ကျွေးမွေးဧည့်ခံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများက ကော်မတီများအလိုက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်