ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ဗိုလ်တထောင် ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထိုနံရံကပ်စာစောင်တွင် လူကုန်ကူးမှုဆိုသည်မှာ အသက်အရွယ်မရွေး၊ ယောကျာ်း၊ မိန်းမ မရွေး မည်သူမဆို လူကုန်ကူးမှုခံနိုင်ရတတ်ခြင်း၊ လူကုန်ကူးမှုသည် လူမဆန်သော ခွင့်လွှတ်မရနိုင်သော ပြစ်မှုဖြစ်သည်။ လူကုန်ကူးသူတို့၏စိတ်ထဲတွင် လူကိုငွေဟုသာမြင်တော့သည်။ လူကုန်ကူးမှုပပျောက်ရေး​​ ပြည်သူအားလုံးပါဝင်ပေး ကိုကြီးသန်း(ကျွန်းလှ) ရေးသားထားသည့် ကဗျာ၊ မည်သူမဆိုအမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူကို ထောင်ဒဏ်(၁၀)နှစ်မှ အများဆုံး ထောင်ဒဏ်တသက်အထိ ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊ စသည့်စာသားများ၊ တားဆီးကယ်တင်ကူညီရေး၊ လူကုန်ကူးခံရသူ အသံနားထောင်ပေး၊ ရောင်းကုန်ထဲမှာလူမပါ လူကိုလူချင်းရောင်းစားမှု လူထုအားလုံးသတိပြု စသည့် ဆောင်ပုဒ်များ၊ လူကုန်ကူးမှုသည် ကြီးလေးသောပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်သည်။ သင်္ကာမကင်းဖွယ်တွေ့ရှိပါက သတင်းပို့ရန် လူတိုင်းတွင် တာဝန်ရှိသည်၊ စသည့်စာသားများနှင့် သတင်းပေးပို့ဆက်သွယ်ရန် ဖုန်းနံပတ်များ ပါရှိပါသည်။

နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြပြီးနောက် ပြသထားသည့် စာအုပ်များကိုလည်း ဆက်လက်၍ စိတ်ဝင်စားစွာကြည့်ရှုကြကြောင်း သိရှိရသည်။

ခင်ဝင်း