ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံမြောက် ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း  ယခုလအတွင်းကျင်းပခဲ့သည့် အစိုးရပါဠိပထမပြန်စာမေးပွဲတို့တွင် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းအားဖြည့်ကူညီကြ၍ ကျေးဇူးတင်ကြောင်း၊ ယခုနှစ်မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားပြီး၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်လက်ပေါ့ပါးစွာဖြင့် ဖြတ်ကျော်ရန်အတွက် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး စုပေါင်းဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေးလစ်ဟင်းမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် မြို့နယ်ဌာနဆိုင်ရာများက လုပ်ငန်းများအလိုက်တင်ပြကြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ