မတ္တရာ ဧပြီ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မတ္တရာမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အင်ဂျင်ပါဝါသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့နယ် လက္ကောင်းကြီးကျေးရွာအုပ်စု ကံဖြူကျေးရွာ အနောက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အောင်မြေသာစံခရိုင် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များသည် ရှင်းလင်းဆောင်၌ တောင်သူများနှင့် တွေ့ဆုံ၍ သီးနှံများ အထွက်နှုန်းတိုးတက်ရေး၊ စိုက်ပျိုးရေရရှိမှုနှင့် ပေးဝေမှုအခြေအနေများ၊ မြေအသုံးချမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် အောင်မြေသာစံခရိုင် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများနှင့်အတူ အင်ဂျင်ပါဝါသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးသရုပ်ပြသခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။
မတ္တရာမြို့နယ်၌ ၂၀၂၄ နှစ်တွင် နွေစပါး စိုက်ပျိုးရန်အတွက် (၄၃၅၀၂) ဧက လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)