ကာလိမြို့ပေါ် နှင့် ကျေးရွာအုပ်စုများမှ ကြိုတင်ဆန္ဒမဲပေါင်း(၁၅၅၆)မဲပေးပြီးဖြစ်

ကာလိ  နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ နှင့် ကျေးရွာအုပ်စုများတွင် အောက်တိုဘာ လ ၂၉ ရက်နေ့ မှစ၍ မဲရုံစုစုပေါင်း(၂၁)ရုံမှ မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲများပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကာလိမြို့ပေါ်(၆)ရပ်ကွက်မှ မဲရုံ(၆)ရုံနှင့် ကျေးရွာအုပ်စု(၅)အုပ်စုမှ မဲရုံပေါင်း(၁၅)ရုံ ဆောင်ရွက်ထားရှိရာ အသက်(၁၈)နှင့်အထက် မဲပေးနိုင်သည့်မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၂၅၇၅၂)ဦးရှိကြောင်း သိရသည်။

 အဆိုပါ ကြိုတင်ဆန္ဒမဲဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံ၌ တာဝန်ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်းများ၊ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများ၊ အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်ပြည်သူများက သက်မှတ်ထားသည့်နေရာများတွင် ကြိုတင်ဆန္ဒမဲပေးခဲ့ပြီး သက်ကြီးရွယ်အိုများ၊ မသန်စွမ်းပြည်သူများနှင့် ကျန်းမာရေးမကောင်းသူများတို့အား ကြိုတင်မဲပေးနိုင်ရေး အတွက် အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးခဲ့ကြရာ ကာလိမြို့ပေါ် (၆)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅)အုပ်စုတို့၌  အောက်တိုဘာလ(၂၉)ရက်နေ့မှ နိုဝင်ဘာလ (၅)ရက်နေ့ ညနေပိုင်းအထိ ကြိုတင်မဲစုစုပေါင်း(၁၅၅၆)မဲ ရှိကြောင်း ကာလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)